Posted by admin on June 29th, 2009
ငါဟာလမ်းတစ်လမ်းပါ..
ပိုပြီးထင်ရှားအောင်ပြောရရင်တော့
ရန်ကုန်မြို့ထဲက အထင်ကရလမ်းတစ်လမ်းပါ..။
ငါ့ကိုဖန်တီးတဲ့ သူတွေရဲ့ရည်ရွယ်ချက်ဟာကောင်းမွန်ခဲ့ပါတယ်..။
လူတွေရဲ့ သွားမှုလာမှုတွေကို ကူညီဖို့..
ယာဉ်တွေရဲ့ ဥပဟိုဖြတ်သန်းမှုကို ထမ်းရွက်ဖို့ရယ်ပါ…။
ဒါပေမယ့်…..
ငါ့ကိုယ်ခန္ဓာဟာ….
လူတွေရဲ့….
မကျေနပ်သံတွေ….
တောင်းဆိုသံတွေ…
သေနတ်သံတွေ…
ယမ်းနံ့တွေ…
ငြီးငြူသံတွေ…
သွေးညီနံတွေ…
မသက်သာလှတဲ့ရှုံးနိမ့်သံတွေ..
စွန်းထင်းနေတဲ့ အောင်ပွဲခံသံတွေ..
အားးးးးး
ဒါတွေဟာငါနဲ့ မပက်သတ်ဘူး..
ငါနဲ့ မသက်ဆိုင်ဘူး…
ကျေးဇူးပြုပြီး..
ငါ့ခန္ဓာကိုယ်ပေါ်မှာ..
မကျေနပ်သံတွေ….
တောင်းဆိုသံတွေ…
သေနတ်သံတွေ…
ယမ်းနံ့တွေ…
ငြီးငြူသံတွေ…
သွေးညီနံတွေ…
မသက်သာလှတဲ့ရှုံးနိမ့်သံတွေ..
စွန်းထင်းနေတဲ့ အောင်ပွဲခံသံတွေကို
ထပ်မလောင်းချပါနဲ့တော့ကွာ….
ငါ့ရဲ့ပင်ကိုယ်တာဝန်တွေကိုပဲ
ငါထမ်းဆောင်ပါရစေတော့…။
ကျေးဇူးပြုပြီး….
ငါဟာလမ်းတစ်လမ်းဆိုတာကို..
မမေ့လိုက်ကြပါနဲ့…..။
Posted by admin on June 10th, 2009
ဗိုလ်ချူပ်မှုးကြီးဆိုတဲ့ ဘွဲ့ခံထားတဲ့သန်းရွှေ တစ်ယောက် တကယ်ရော စိတ်မှမှန်သေးရဲ့လား..။ ဒါမှမဟုတ် မှန်လွန်းလို့ပဲ ဇာတ်ရဲလက်ရဲ လုပ်နေတာလား..။ အသက်ကြီးလို့ ပျက်စီးပြီး သူငယ်တွေ ဘာတွေများ ပြန်နေပြီလားတော့ မသိတော့ပါ…။ ယခုဖြစ်နေတာတွေက သိပ်ကို ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှ နေပါတယ်..။ တကယ်ပဲ နောက်နှစ်မှာ ရွေးကောက်ပွဲလုပ်ချင်တယ်ဆိုရင်ဖြင့် ပြည်တွင်းမှာ တည်ငြိမ်တဲ့ အခြေအနေတစ်ရပ် မဖြစ်မနေလိုအပ်တယ် ဆိုတာ စာတတ်တဲ့လူတိုင်းတော့ သိလောက်မယ်ထင်ပါရဲ့..။ ဒါပေမယ့် ခုအခြေအနေက ငြိမ်နေတဲ့ပျားအုံကြီးကို တုပ်တဲ့သွားထိုးနေတာမျိုးများ ဖြစ်နေသလားပဲ..။ ငြိမ်သက်နေတဲ့၊ တွေဝေနေတဲ့ လူတွေရဲ့ စိတ်အာရုံတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ရောက်အောင်(မရောက်ရောက်အောင်)ကို တွန်းပို့သလိုများ ဖြစ်နေသလားပဲ..။
တကယ်တော့ စစ်ခေါင်းဆောင်တွေအနေနဲ့ အမျိုးသားရေးဆိုင်းဘုတ်ထောင်ပြီး၊ အတိတ်ကဖြစ်ရပ်တွေကို တဖွဖွပြောလို့ မျိုးချစ်စိတ်တွေ ဘာတွေနဲ့ မှိုင်းတိုက်ခဲ့တာ ကြာခဲ့ပါပြီ..။ ဒါပေမယ့် မြန်မာတွေအပေါ် ဒီဝါဒမှိုင်းတိုက်မှုဟာ ထင်သလောက် မအောင်မြင်ဘူးဆိုတာ သိသာ မြင်သာပါတယ်..။ တကယ်တော့ စစ်အစိုးရတောက်လျှောက် သုံးလာခဲ့တဲ့ ကိုလိုနီနယ်ချဲ့တို့၊ ဖက်ဆစ်တို့၊ ဘာညာတို့ဆိုတာ ကြာခဲ့ပါပြီ..။ နှိုင်းယှဉ်ပြီးပြောကြစတမ်းဆိုရင် အိန္ဒိယဟာ မြန်မာထက်စာရင် အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ ပိုကြာကြာနေခဲ့ရပါတယ်..။ နှစ်ပေါင်း ၃၀၀ ဆိုတော့ မြန်မာထက် ၃ဆများတယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်..။ ဒါပေမယ့် အိန္ဒိယရဲ့ ဘယ်ခေါင်းဆောင်ကမှ အင်္ဂလိပ်ကို.. ကိုလိုနီနယ်ချဲ့၊ အရင်းရှင်သွေးစုပ်သမား၊ ဘိန်းကုန်သည်… စသည်ဖြင့် စသည်ဖြင့် ကလော်ပြီးဆဲတာမျိုးမရှိခဲ့ပါဘူး..။ အရေးကြီးတာက ကိုယ်ပိုင်အရည်အချင်းပဲလို့ ကျွန်တော်မြင်ပါတယ်..။ တန်းနှိမ့်တဲ့လူတွေမှာ ဖြစ်တတ်တဲ့ သဘောသဘာဝ တစ်ခုအနေနဲ့ ကိုယ်ကိုယ်တိုင် အရည်အချင်းမဲ့တဲ့ လူဖြစ်နေတော့ ကိုယ့်အားနည်းချက်ကို အများမမြင်စေချင်လို့ အခြားသူတွေကြောင့် ဒီလိုဖြစ်ရတာပါဆိုတဲ့ ခပ်တိမ်တိမ် အတွေးမျိုးကနေ ပေါက်ဖွားလာတဲ့ နိမ့်ကျတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်..။ အပေါ်မှာပြောခဲ့ အိန္ဒိယနဲ့မှ မလုံလောက်ရင် ဗီယက်နမ် ဆိုတာလည်း အလွန်ကောင်းတဲ့ ဥပမာတစ်ရပ်ပါပဲ..။ အမေရိကန်ဆိုတဲ့ ရန်သူဟောင်းကြီးနဲ့ ဖက်လှဲတကင်း ပြန်ဆက်ဆံပါ တယ်..။ လိုအပ်တဲ့ အကူအညီတွေ ရယူတယ်..။ တဖက်ကလည်း ကောင်းမွန်လာတဲ့ ဆက်ဆံရေးနဲ့ အညီရလာတဲ့ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး စီးပွားရေးကို အားထုတ်တဲ့အတွက် အချိန်တိုအတွင်းမှာပဲ အာရှရဲ့တောက်ပကြယ်စာရင်းထဲ ၀င်လာပါတယ်..။ ဆဲချင်းဆဲ သူကတောင် ပိုဆဲသင့်တယ်မဟုတ်လား..။ ဒါပေမယ့် သူများက အမြင်မှန်ရတာ မြန်တယ်လို့တောင် ပြောရမယ်ထင်တယ်..။
တစ်ဖက်ကကြည့်ရင် စစ်အစိုးရခေါင်းဆောင်ပိုင်းရဲ့ အိုင်ဒီယိုလော်ဂျီတွေဟာ သေးနှုတ်ပြီးကျဉ်းမြောင်းတာကို တွေ့ရပါတယ်..။ အော်ဟစ်နေတဲ့ အမျိုးသားရေး ဆိုတဲ့ အသံတွေဟာ အတိတ်ထဲမှာသာ တစ်ဝဲလည်လည်နဲ့ရှိနေတာကို ကြည့်ခြင်းအားဖြင့် သူတို့တွေဟာ သမိုင်းနဲ့ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတဲ့သူတွေလို့ သုံးသပ်မိပါတယ်..။ ကျဉ်းမြောင်းတယ်ဆိုရတာကလည်း ဒီလိုပိတ်မိနေတဲ့၊ အသေဖြစ်နေတဲ့(Dead Lock)အမြင်ကြောင့် ကြာလာလေလေ ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေးမှာ အပယ်ခံရလေလေ ဖြစ်နေတာကြောင့်ပါ..။ တစ်နည်းပြောရရင် သူတို့တွေဟာ ကိုယ့်ကိုယ့်ကို တစ်ဖြည်းဖြည်းကျုံလာတဲ့ စည်းမျဉ်းတွေကြားမှာ ထည့်ထားတဲ့ သူတွေနဲ့ တူပါတယ်..။ ဖွင့်သင့်တဲ့ တံခါးတွေကို ဖွင့်ပေးနိုင်ခြင်းမရှိသလို သူတို့ရဲ့ စိုးရွှံစိတ်တွေကြောင့်ပဲ လူတွေဟာ ဒီမိုကရေစီဆိုတဲ့ အသံနဲ့ ဝေးသထက် ဝေးလို့လာ ပါတော့တယ်..။ အထူးသဖြင့် အာဏာတည်မြဲရေးအတွက် အုပ်ချုပ်ရေးယန္တယားအထက်အောက်၊ အစဆုံး ယိုယွင်းလာတာကို ပြင်ဆင်ခြင်းမရှိခဲ့ပါ..။ ဗိုလ်ချုပ်စိုးဝင်း ၀န်ကြီးချုပ်ဖြစ်ကာစမှာပဲ တင်းတင်းကျပ်ကျပ်နှိမ်နှင်းဖို့ရာ ကြိုးပမ်းခဲ့ဖူးပြီး ကျန်အချိန်တွေ အားလုံးမှာတော့ လေသံပစ်တာ မျိုးလောက်တောင် မရှိခဲ့ပါ..။ နောက်တစ်ချက်အနေနဲ့ ပြည်တွင်းမှာရှိနေတဲ့ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ကိုလည်း သတ်မှတ်အတန်းအစား (အီလစ်)အလွှာဝင်တွေလောက်ကိုတာ ပေးခဲ့ပြီး ဈေးကွက်စနစ်ကို ပီပြင်အောင် ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး..။ နိုင်ငံပိုင်ဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကြီးကို ထမ်းပိုးမြဲ ထမ်းပိုးထားပြီး မိမိကိုယ်ကို ၀န်ပိစေခြင်းသာမက တိုင်းပြည်စီးပွားရေးကိုပါ နှေးကွေးလေးလံစေခဲ့ပါတယ်..။ စစ်ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့ ပက်သတ်သူများ အနေနဲ့ ကတော့ စည်းစိမ်ဥစ္စာတွေ တိုးပွားမြဲ တိုးပွားစဲဖြစ်နေပါတယ်..။
တိုင်းပြည်ရဲ့ အဓိကထောက်တံနှစ်ခုဖြစ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍာနှစ်ရပ်အောင်မြင်မှု မရတာနဲ့တစ်ပြိုင်နက်ပဲ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ ကဏ္ဍာကြီးတွေပါ ကျဆင်းခြင်းဆိုတဲ့ ဇယားမှာပါဝင်သွားပါတော့တယ်..။ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲဆိုတဲ့ အာရုံအလှည့်နဲ့ ထွက်ပေါက်ရှာပါတယ်..။ ဘာတွေဖြစ်လာမယ်ဆိုတာမသိပေမယ့် လက်ရှိပြည်တွင်းက မလွတ်မလပ် အခြေအနေတွေ အရတော့ (သူတို့ပြောသလို) ပြည်နယ်၊တိုင်း နဲ့ ဗဟိုပြည်ထောင်စု လွတ်တော်များမှာ လွှတ်တော်အမတ်အနေနဲ့ အရွှေးချယ်ခံမယ့် နိုင်ငံရေးသွေးပြည့်နေတဲ့ တစ်နည်းပြောရရင် အရည်အချင်းမှီနေတဲ့ နိုင်ငံရေးသမား မရှိသေးဘူး၊ မလုံလောက်သေးဘူး ဆိုတာ သိသာလွန်းလှပါတယ်..။ ဒီတော့ ခန့်မှန်းကြည့်ရသလောက်တော့ စစ်တပ်နဲ့ ပက်သတ်ရာ ပက်သတ်ကြောင်းများထဲကပဲ နေရာရနေမြဲ ရနေဦးမယ်လို့ပဲ မြင်မိပါတယ်..။ အဲ ကြွက်ချေးတွေကြားထဲ ဆွမ်းဆန်စိမ်းရောမိတော့လည်း သိပ်မများပဲ နဲနဲပေါ့ဗျာ..။ ဒါတောင် အဲဒီဆွမ်းဆန်စိမ်းတွေ ဘယ်နေ့ ကြွက်ချေးဖြစ်မယ်ဆိုတာ မသိနိုင်သေးပါဘူး…။
Posted by admin on June 6th, 2009
မိုးတွေ ရွာလာပြီဆိုတော့ မိုးဥတုကိုရောက်ပြီပေါ့.. ။ ပူပြင်းတဲ့ နွေဥတုကနေပြီး မိုးရေလေးတစ်စိုစိုနဲ့ နေရပြန်ဦးမယ်..။ မြို့ထဲက လမ်းတွေက လည်းကာ… မိုးလေးနှစ်ပြိုက်လောက် ရွာလိုက်တာနဲ့ ရေတွေကို ဖွေးသွားတာပဲ..။ စီးပွားရေးလာဘ်မြင်လိုက်ရ… စပိဘုတ် (Speed boat) တွေ နိုင်ငံခြားကသွင်း..၊ မိုးကျရင် ရန်ကုန်မြို့ထဲမှာ စီးတီတက္ကစီအနေနဲ့ ဆွဲစား..။ တောက်…. အတော်ကိုက်မယ့် လမ်းကြောင်း..ဟင်း..။ နောက်နှစ်၅၀-၁၀၀ဆို ရန်ကုန်မြို့ကြီးလည်း အီတလီနိုင်ငံက ကမ္ဘာကျော် ဗင်းနစ်မြို့ကြီးလို ရေပေါ်မြို့ကြီး ဖြစ်နေချိန်မှာ ငါလည်းပဲ စပိဘုတ်တက္ကစီလုပ်ငန်းနဲ့ တော်တော်ကြီးကို အောင်မြင်နေလောက်ပြီ..။ ဟဲဟဲ..စိတ်ကူးနဲ့ ရူးကြည့်တာ..။
အမယ်.. ဟိုမှာ စည်ပင်ကလုပ်သားတွေ လမ်းမကြီးကိုပိတ်ပြီး ရေမြောင်းတွေ ပြင်နေပါ့လား..။ အတော်ကြိုးစား နေကြတာပါလား..။ မိုးတွင်းရောက်ကာမှပဲ မြောင်းတွေပြန်ပြင်ဖို့ အာရုံတော်တွေ ရကြတော့တယ်..။ အေးလေ.. နွေတုန်းက မိုးမှမရွာတာ .. မေ့နေကြဟန် တူပါတယ်လေ..။ သြော် ဟိုနားမှာလည်း တစ်စု လမ်းဘေးပလက်ဖောင်းတွေ ပြန်ပြင်နေကြပါလား..။ တော်ကြပါတယ်.. မိုးရွာကြီးထဲမှာ အားကြိုးမာန်တက်ဗျား..။ ခက်တာက မိုးရေထဲမှာ ဖျော်လိုက်တဲ့ သဲများများနဲ့ ဘိလပ်မြေတွေက ကြာရှည်ရော ခံကြပါ့မလားမသိ..။ ကြည့်ရတာ တစ်နှစ်ခံ ပလက်ဖောင်းတွေ ဖန်တီးနေပုံရပါတယ်..။ သူ့အထာနဲ့သူပေါ့..။ တော်နေ တစ်ခါတည်း အကောင်းဆုံးဖြစ်အောင် လုပ်လိုက်ရင်ဖြင့် နောက်နှစ်တွေမှာ လုပ်စရာ အလုပ်မရှိကြဘဲ အပေါ်ကခွင့်ပြုချပေးမယ့် ပြင်ဆင်စားရိတ်ငွေတွေကို နည်းသွားလို့ရှိရင် ဘာမှ မစားရမသောက်ရဘဲ..အဲလေ..မှားလို့..ဘာမှ မလုပ်ရမကိုင်ရဘဲ..ဒီတိုင်းထိုင်နေရဦးမယ်..။
အင်း… ဘက်စ်ကားမှတ်တိုင်ရှေ့က လမ်းမကြီးပေါ်မှာလည်း ရေအိုင်ကြီးတွေနဲ့ပါလား..။ ကြည့်ရတာ စည်ပင်က လူကြီးပိုင်းတွေက မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူတွေကို လမ်းမပေါ်စီးဆင်းနေတဲ့ ညစ်ဝါရေ (မေတ္တာရေ မဟုတ်ပါ..။) တွေနဲ့ ပက်ဖြန်းပေးချင်ပုံပဲ..။ ပြီးတော့ ရေကူးလည်း အတော်ဝါသနာ ထုံကြပုံရတယ် ..။ ဒါပေမယ့် ကိုယ့်အိမ်မှာကိုယ် ရေကူးကန်တွေ တည်လိုက်ရင် အထက်က သိသွားလို့ စစ်လား၊ဆေးလား လုပ်မှာ ကြောက်ကြတယ်ထင်ပါရဲ့ .. လမ်းပေါ်မှာ ရေကူးကန်အကြီးကြီးတွေ တည်ထားကြတယ်..။ တစ်ချို့ကန်ကြီးတွေများ ကျွဲနွား တစ်ဝပ်စာလောက် ကတော့ အသာလေးဗျား..။ အေးပေါ့လေ..သူတို့တွေလည်း ကျွဲကူးနွားကူး ကူးကြည့်ချင်ရှာပေမပေါ့..နော်…။
လမ်းကြီးကလည်းလေ.. ဟိုနားတစ်ကွက်ဖာထား၊ ဒီနားတစ်ကွက်ထေးထားလို့လားတော့ မသိဘူး..။ ကြည့်ရတာ ခွေးဝဲစားကျော လောက်မှကို မတင့်တယ်၊မဖြောင့်ဖြူးဘူး..။ ကားစီးရတာလည်း ခုန်ဆွ၊ခုန်ဆွနဲ့ .. နောက်နောင်များ ခေတ်ကြီးပြောင်းလို့ မြန်မာနိုင်ငံက အာကာသသိပ္ပံပညာရပ်တွေ ထွန်းကားလာပြီး လကမ္ဘာပေါ်ခြေချနိုင်ပြီဆိုရင် အာကာသသူရဲကောင်းတွေ အထွေအထူးရွေးစရာ မလိုလောက်တော့ပဲ ကြိုက်ရာလူလွှတ်လို့ရလောက်အောင် ကြိုတင်လေ့ကျင့်ပေးထားပုံရတယ်..။ အင်း..ကြာတော့လည်း မြန်မာနိုင်ငံက လမ်းတွေနဲ့ ပက်သက်ပြီး ”ပျက်အစဉ်၊ပြင်ခဏ”ဆိုတဲ့ စကားပုံကိုတောင် “ပျက်အစဉ်၊ပြင်ခဏခဏ”ဆိုပြီးတော့ နည်းနည်းဖြည့်စွပ်ပေးဖို့ လိုနေဘီလို့ အောင့်မေ့ မိတယ်..။
Posted by admin on June 2nd, 2009
ဒီအပိုင်းမှာ ကျန်တဲ့ ခေါင်းဆောင်နှစ်ယောက် ထဲက အလောင်းဘုရား အကြောင်းပြောပါမယ်..။ ဒါပေမယ့် အလောင်းဘုရားအကြောင်း မပြောခင်လေးမှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ခု အရင်တင်ပြချင်ပါတယ်..။ အဲဒါကတော့ မွန်-ဗမာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတဲ့ အကြောင်းပါပဲ..။
မွန်-ဗမာ အတူယှဉ်တွဲနေထိုင်ရေး( AD 8 -AD 17)
မွန်-ဗမာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ယနေ့မြင်တဲ့ အမြင်အတိုင်း လူမျိုးတစ်မျိုးက အင်အားကြီးပြီး ကျန်တစ်မျိုးက အင်အားနဲလို့ တစ်ယောက်က တစ်ယောက်မျက်နှာ ကြည့်ပြီးနေတာမျိုး ကိုမဆိုလိုပါဘူး..။ တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုထားပြီး တစ်ယောက်နဲ့ တစ်ယောက် ပုခုံးချင်းယှဉ်နိုင်လောက်တဲ့ အနေအထားမျိုးကို ဆိုလိုတာပါ..။ ပဒေသရာဇ်ခေတ် ဖြစ်တာနဲ့ အညီ ဒီလူမျိုးနှစ်မျိုးဟာလည်း ရန်စစ်ပြုခဲ့တာပါပဲ..။ ဒါပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အပြီးသတ်(မျိုးဖြုတ်)နိုင်လောက်တဲ့ အထိ မကြီးကျယ်ခဲ့ကြပါဘူး..။ ၀န်ခံရမှာကတော့ တပင်ရွှေထီးလက်ထက်မှာ ဟံသာဝတီက မွန်ဘုရင် သုရှင်ဒကာရွတ်ပိကို နိုင်လို့ မွန်-ဗမာပေါင်းစည်းအင်ပါယာ ဖြစ်သွားချိန်က စပြီး သမိုင်းမှာ ဗမာကသာ အထက်ကတောက်လျှောက်ဖြစ်သွားပြီး မွန်တွေ ပြန်ခေါင်းထောင်နဲ့ အကြိမ်အနေနဲ့ တစ်ကြိမ်သာ ရှိပါတော့တယ်..။
Read the rest of this entry »
Posted by admin on June 1st, 2009
ခေါင်းစဉ်ဖတ်ပြီး နဲနဲတော့ထူးသွားမယ်ထင်တယ်..။ ပြောချင်တာကဒီလိုပါ..။ လက်ရှိအချိန်တွေမှာ အမှန်တရားအဖြစ် အများက သတ်မှတ်ထားတဲ့ သမိုင်းထဲကဖြစ်ရပ်နဲ့ သမိုင်းထဲကလူပုဂ္ဂိုလ်တွေ သူရဲကောင်းစစ်ဘုရင်တွေရဲ့ နောက်ကွယ်က အမှန်တရားတွေကို နဲနဲတူးဆွကြည့်လိုက်တော့ တွေ့ရတဲ့ အရင်းအစစ်၊ အမှန်တရားတွေကို ပြန်ဖောက်သည်ချချင်လို့ပါပဲ..။ သမိုင်းထဲက လူသိပ်မသိတဲ့ အကြောင်းတွေပေါ့ဗျာ..။ ခုချိန်မှာ မြန်မာတွေက သူရဲကောင်းတွေ၊ကယ်တင်ရှင်တွေလို့ တစ်ဖွဖွ၊တစ်သသ လုပ်နေကြတဲ့ သိပ်ကြီးကျယ်တဲ့ သူတွေရဲ့ မကောင်းကြောင်း၊ ဒါမှမဟုတ်မှားကွက်တွေလို့ပြောရမှာတွေထက် ပိုတယ်လို့ထင်ရတာတွေ၊ နိုင်ငံရေးအမြင်တွေကို ရေးမှာပါ..။ ဦးတည်ရေးမယ့် ပုဂ္ဂိုလ်များကတော့
၁။ အနော်ရထာ
၂။ဘုရင့်နောင်
၃။အလောင်းဘုရား
၎။ဗိုလ်ချုပ်အောင်ဆန်းတို့ဖြစ်ပါတယ်..။
ဒီပုဂ္ဂိုလ်ကြီးများဟာဖြင့် မြန်မာနိုင်ငံကို တစ်ခေတ်တစ်ခါထူထောင်သူတွေ၊ ဘုန်းလက်ရုံးနဲ့ပြည့်စုံသူတွေအဖြစ် အားလုံးက သိကြပါတယ်။ ဒါပေမယ့်ခုက အများသိတဲ့သမိုင်းနဲ့ ဆန်တက်ဆန့်ကျင်ပြီးရေးမှာဖြစ်တာကြောင့် ကျွန်တော်မှားတယ်ထင်ရင် အားမနာတမ်း ပြန်ဆဲကြပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိမယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့သမိုင်းကို ကျောင်းစာတွေ လောက်နဲ့ အများပြောတာတွေလောက်နဲ့ မတင်းတိမ်ပဲ ခုလို ဦးဏှောက်လေးသုံးပြီး နိုင်ငံရေးအမြင်လေးနဲ့ပါ သစ်ဆန်းမြည်းကြည့် တာကောင်းမလားလို့ပါ….။
Read the rest of this entry »
Posted by admin on May 17th, 2009
မတရားမှုဆိုတာ..
အဓမ္မမှုဆိုတာ..
အငြိုးအတေးဆိုတာ..
တည်ငြိမ်ခြင်းဆိုတာ..
သီးခံခြင်းဆိုတာ..
ခံပြင်းခြင်းဆိုတာ..
တစ်ဖက်သတ်ဖိနှိပ်ခြင်းဆိုတာ..
မူမမှန်တဲ့ သဘောထားဆိုတာ..
ပုံမှန်မဟုတ်တဲ့ အရာမှန်သမျှတို့ကို..
မနက်ဖြန်မှာ တစ်ဖက်ဖက်ကတော့
အဖြေပေါ်မှာပါပဲ..
တစ်ယောက်သောသူတော့
လွတ်မြောက်နိုင်ပါစေ..။
Posted by admin on May 14th, 2009
လူတစ်ယောက်၊ သူ့အိမ်ထဲကို လူစိမ်းတစ်ယောက်ဝင်တာဟာ အိမ်ရှင်အတွက်တော့ ပိုက်နက်ကျူးကျော်ခံရတဲ့ အတွက်သူဟာ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို ခံစားရရှိပိုင်ခွင့်ရှိပါတယ်..။ ဟတ် ဟတ်.. ခုတော့ … ။ အကျူးကျော်လည်းခံရသေး.. ထောင်ချတရားစွဲတာလည်း ခံရသေး..။ ထားပါ..။ ဒါကတော့ ကလေးအတွေးပေါ့…။
ထားလို့မရတာက ဒေါ်စုဟာ နိုင်ငံတော်လို့ ကိုယ့်ကိုယ်ကို ခေါ်နေကြတဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ အကျယ်ချုပ်အမိန့်နဲ့ နေအိမ်မှာကျခံနေရသူဖြစ်ပါတယ်..။ ဒါကြောင့် သူ့လုံခြုံရေးကို စစ်တပ်က တာဝန်ယူရပါမယ်..။ ခုတော့ အဲဒီလို လုံခြုံရေးဟာကွက်ကြောင့် သူစိမ်းတစ်ယောက်က သူ့အိမ်ထဲကို ၀င်ရောက်သွားနိုင်တာဟာ ဘယ်သူ့တာဝန်ပါလဲ..။ အကယ်၍များ မပြောကောင်းပြောကောင်း ၀င်ရောက်လာတဲ့သူဟာ လူသတ်သမားတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်၊ ဒေါ်စုကိုအသက်အန္တရာယ်ပေးခဲ့မယ်ဆိုရင် .. ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဘယ်သူကတာဝန်ခံဖြေရှင်းပေးမှာလဲ…။ ဒီလိုကိုယ့်အားနည်းချက်နဲ့ကိုယ် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေမှာ ဘာမှ မတုန့်ပြန်နိုင်တဲ့ အကျယ်ချုပ်ခံ မိန်းမသားတစ်ယောက်ကို ထောင်ချဖို့ကြံတဲ့အတွက် အဲဒီလိုကြံစည်သူတွေဟာ မိန်းမတွေထက်တောင် ယုတ်ညံ့သေးတယ်လို့ ပြောရတော့မလိုပါပဲ..။
Posted by admin on May 12th, 2009
မကြာခင်အချိန်တွင်းမှာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ စစ်တပ်ကဦးဆောင်တဲ့ ဒီမိုကရေစီစနစ်( ကမ္ဘာမှာ မရှိသေးတဲ့ Militaric Democarcy လို့ပဲပြောရတော့မလိုလို)နဲ့ စတင်မောင်းနှင်တော့မှာဖြစ်ပါတယ်..။ ဒီတော့ ကျွန်တော်တို့ သမိုင်းမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ခေတ်စနစ်တွေအကြောင်း နဲနဲဖြစ်ဖြစ်တော့ ပြန်နွေးသင့်တယ်လို့ထင်လို့ ဒီစာကိုတင်ပါတယ်..။ကျွန်တော်တို့တွေ လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၆၀ကျော်ခဲ့ပါပြီ။ ခေတ်စနစ်အနေနဲ့လဲ သုံမျိုးသုံးစားကို လေးကြိမ်တိုင် ဖြတ်သန်းကြည့်ဖူးပြီးတဲ့ အတွေ့အကြုံလည်း ရှိနေပြီ။
ပထမဆုံးအနေနဲ့ ပါလီမန်ဒီမိုကရေစီစနစ်.. ဒီစနစ်ကို လွတ်လပ်ရေးမရမီ ရေးဆွဲခဲ့တဲ့ ၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ အသက်သွင်းပါတယ်..။ ပါလီမန်နှစ်ရပ် ဖြစ်တဲ့ အမျိုးသားလွတ်တော်နဲ့ လူမျိုးစုလွတ်တော် နှစ်ရပ်ပါဝင်ပြီး ၀န်ကြီးချုပ်က အာဏာဆွဲကိုင်အုပ်ချုပ်ပါတယ်..။ တိုင်းပြည်ရဲ့စီးပွားရေးကိုတော့ ဆိုရှယ်လစ်စနစ်အဖြစ် သတ်မှတ်လမ်းခင်းပါတယ်..။ Read the rest of this entry »
Posted by admin on May 8th, 2009
ဒါကလည်း.. တစ်လောကဖတ်မိတဲ့ ဟာသလေးတစ်ပုဒ်ပါ..။ ဘယ်ကဖတ်ရတယ်ဆိုတာတော့ မမှတ်မိတော့ဘူး..။ ဒါပေမယ့် တော်တော်ကို အဓိပ္ပါယ်ရှိနေတော့ အားလုံးအတွက် ဖောက်သည်ချလိုက်ပါတယ်..။
တစ်နေ့မှာ နတ်ပြည်ကသိကြားမင်းနဲ့ ငရဲပြည်ကငရဲမင်းတို့ တွေ့ဆုံပြီး နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။ ကြားဘူတာအနေနဲ့ လူ့ပြည်ကိုသတ်မှတ်ပြီး နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်း လူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။ ငရဲပြည်ကဖောက်လာတဲ့လမ်းပိုင်းနဲ့ နတ်ပြည်ကဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ အလယ်ဖြစ်တဲ့ လူ့ပြည်မှာလာဆုံမယ်ဆိုပြီး သဘောတူကြသတဲ့..။
ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။ “ငါ့ဖက်ကတောင် ဒီလောက်ပြီးနေပြီဆိုတော့ နတ်ပြည်ဖက်ကလည်း တော်တော်ပြီးလောက်ပြီ”..ဆိုပြီး အပေါ်ကိုမော့ကြည့်တော့.. ဘာလုပ်ငန်းမှမစသေးတာတွေ့သတဲ့..။ ဒါနဲ့ “သူတို့ဖက်က ပြီးတယ်မပြီးတယ်က သူတို့အပိုင်းပဲ..။ ကိုယ့်ဖက်ကတော့ တာဝန်ကျေဖို့လိုတယ်”…လို့ စိတ်ကတွေးပြီး ရထားလမ်းကြီးဆက်ဖောက်တာပေါ့..။ နောက်တစ်ပါတ်လောက်ထပ်ကြာတော့ ငရဲမင်းကြီးရဲ့ ရထားလမ်းကြီးက သတ်မှတ်ဆုံရပ်ဖြစ်တဲ့ လူ့ပြည်ကိုရောက်လာပါရော…။ ဒီတော့ ငရဲမင်းကြီးလည်း အပေါ်ကိုတစ်ခါ ထပ်မော့ကြည့်တော့ နတ်ပြည်ဖက်က ဘာလှုပ်လှုပ်ရှားရှားရှိတယ်မှ မတွေ့တော့ နဲနဲတင်းသွားတယ်..။ “ဒီလောက်ဖြစ်တဲ့ သိကြားမင်းဆိုတဲ့ကောင်.. အလကားရေသာခိုနေတယ်.. မထူးဘူး..တစ်ခါတည်းဖောက်လက်စနဲ့ ငါကပဲဒီလမ်းကို နတ်ပြည်အထိအပြီးဖောက်လိုက်တော့မယ်..”..ဆိုပြီး ဒေါနဲ့မောနဲ့အမိန့်ပေးပြီး ဆက်ဖောက်လိုက်တဲ့ ရထားလမ်းကြီးလည်း နောက်နှစ်ပါတ်လောက်ကြတော့ နတ်ပြည်တံခါးဝထိ ရောက်လေရော ဆိုပဲ…။
ဒါနဲ့ ငရဲမင်းကြီးလည်း သိကြားမင်းကိုတွေ့ပြီး ပွမ်တော့တာပေါ့…။ “ခင်ဗျားကြီးကပြောတော့ တစ်မျိုး.. လုပ်တော့တစ်မျိုး..။ ခုပေးမယ်ပြောပြီး အချိန်ဆွဲနေတာ.. နှစ်တွေလည်းမနဲတော့ဘူး… ဘာဖြစ်တယ်ညာဖြစ်တယ်…”..ပေါ့..။ ဒီတော့ သိကြားမင်းက လေသံအေးလေးနဲ့ပြန်ဖြေရှင်းပါတယ်..။
“အင်း…ခင်ဗျားပြောတော့လည်း ခံရတော့မှာပဲဗျ..။ မတတ်နိုင်ဘူးလေဗျာ..။ အင်ဂျင်နီယာတို့၊ဆောက်လုပ်ရေးအရာရှိတို့၊ကန်ထရိုက်တို့ ဆိုတာ သေရင်ခင်ဗျားဆီပဲ ရောက်တာကလား..။ ကျူပ်ဆီမှာ အဲလိုကောင်တွေမရှိတော့ အလုပ်ဘယ်ကစလုပ်ရမှန်းကိုမသိတာ..။ “…တဲ့ဗျား…။ :D
Posted by admin on May 3rd, 2009
ဟိုတစ်နေ့တုန်းက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတဲ့ ဟာသလေးများ သဘောကျလွန်လွန်းလို့ ဖောက်သည်ချလိုက်ပါတယ်ဗျာ..။
တစ်ခါတုန်းက ကွန်မြူနစ်တစ်ယောက်ရယ်၊ အရင်းရှင်(ဒီမိုကရေစီ)တစ်ယောက်ရယ်၊ ဆိုရှယ်လစ်တစ်ယောက်ရယ်… အတူထိုင်ပြီး ဆွေးနွေး၊ငြင်းခုန်ဖို့ တစ်နေရာမှာ ချိန်းတွေ့ကြလေသတဲ့…။ အချိန်တန်လို့ ကွန်မြူနစ် နဲ့ အရင်းရှင်တို့ နှစ်ယောက်ရောက်လာကြပေမယ့် ဆိုရှယ်လစ်ကြီးကတော့ ပေါ်မလာနိုင်ဘူးတဲ့လေ…။ နာရီဝက်လောက်ကြာကာမှ လောကြီးပန်းကြီးနဲ့ ရောက်ချလာတဲ့ ဆိုရှယ်လစ်ကိုတွေ့တော့ ဘာဖြစ်တာလဲ… ညာဖြစ်တာလဲ နဲ့ ၀ိုင်းမေးကြမြန်းကြနဲ့ပေါ့လေ..။
ဆိုရှယ်လစ်။ ။ဆောရီးဗျာ..။ ကျွန်တော် ကြက်အူချောင်းရဖို့ တန်းစီနေရတာနဲ့ နောက်ကျသွားတယ်..။
အရင်းရှင်။ ။ဆောရီးဗျာ..။ ကျွန်တော်နားမလည်တာတစ်ခုရှိတယ်..။ တန်းစီတယ်ဆိုတာ ဘာကိုပြောတာလဲ…။
ဒီလိုမေးတော့ အသာငြိမ်နေတဲ့ ကွန်မြူနစ်ကလည်း မေးရှာတယ်..။
ဆောရီးဗျာ..။ ကျွန်တော်နားမလည်တာတစ်ခုရှိတယ်..။ကြက်အူချောင်းဆိုတာ ဘာကိုပြောတာလဲ…။ :D
……………………………………………………………………………………………………………………………………………..
နောက်တစ်ခါကြတော့ အမေရိကန် တစ်ယောက်က ရုရှားတစ်ယောက်ကိုမေးတယ်..။
အမေရိကန်။ ။ခင်ဗျားတို့ တိုင်းပြည်မှာ အလုပ်လုပ်တာနဲ့ လစာပေးတာက မပတ်သက်ဘူးဆို..။ (ဆိုလိုတာက အလုပ်တွေ နင်းကန်ခိုင်းပြီး လစာကျတော့ နဲနဲပဲပေးတယ်ပေါ့..။)
ရုရှား။ ။မှားတယ်ဗျ..။ အမှန်က ပတ်သက်တယ်..။ ဒီလိုဗျ….သူတို့ကလည်း လစာကို ပေးချင်ယောင်ဆောင်ပြီး ပေးကြတယ်..။ ကျုပ်တို့ကလည်း အလုပ်ကို လုပ်ချင်ယောင်ဆောင်ပြီး လုပ်ကြတယ်..။
ပြီးရော..။ ဟတ် ဟတ် :D
Recent Comments